Wednesday, August 20, 2014

ရည်ရွယ်ချက်

ဘာသာစကားတစ်ခုကို သင်တန်းတက်ဖို့ အချိန်မပေးနိုင်သူတွေ အင်တာနက်ကနေ တဆင့်  လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

ဂျပန်စာကို တတ်မြောက်ပြီးသားသူတွေ အတွက်ကတော့ နီးရာစာအုပ်ဝယ်ယူပြီး လေ့လာနိုင်ပေမဲ့ ခုမှစသင်ယူလို သူတွေအတွက် အထောက်မပံ့ဖြစ်စေဖို့ အခြေခံအဆင့်မှ ကိုယ်သိသလောက်နဲ့ ကြိုးစားတင်ပြပါမယ်။

ဘာသာစကားတစ်ခု တတ်မြောက်ထားခြင်း ဟာ အလဟသ တော့မဖြစ်ပါဘူး။အသုံးလိုတဲ့အချိန် ချက်ချင်း အသုံးချနိုင်ဖို့ အတွက် အချိန်ကိုအရင်းနှီးပြုပြီး လေ့လာထားမယ်ဆို အခြေခံလောက်တတ်မြောက် ထားရာက စိတ်ပါဝင်စားမှုအလိုက် အသက်မွေးဝမ်းကြောင်း အထိ အသုံးချနိုင်တာမို့ ဘာရယ်မဟုတ် အင်တာနက်မှာ အချိန်ပေးနိုင်မဲ့ သူတွေ အတွက် ကြိုဆိုပါတယ်။

စေတနာ အရင်းခံပြီး ကိုယ်သိထားတာ မျှဝေလိုပေမဲ့ ကျမကိုယ်တိုင်က သိပ်အတတ်ကြီး မဟုတ်လို့ နားလည်တတ်ကျွမ်းသူများ အချိန်ပေးနိုင်ပါက ဝင်ရောက်သင်ပြပေးဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်ရှင်။


ဂျပန်မှာနေထိုင်စဉ် အခါအားလျှော်စွာ စကားပြန်လုပ်တဲ့ အတွေ့အကြုံအရ ပြောရရင် သူတို့နိုင်ငံမှာစကားပြန် ဆိုတာကို နယ်ပယ်ခွဲထားတာ တွေ့ရပါတယ်။ဘာသာပြန်လည်း ထို့အတူပါပဲ။ဆေးပညာလောက စကားပြန်၊ဆောက်လုပ်ရေး၊နိုင်ငံရေး၊ဓာတုဗေဒ၊ဥပဒေ စသဖြင့်နယ်ပယ်ခွဲ ပြီး အထူးပြုလေ့လာတာ တွေ့ရတော့ ကျမတို့ နိုင်ငံမှာ လည်း စွမ်းရည်ပြည့် ပညာရှင်အဆင့် စကားပြန်တွေ ပေါ်ထွက်လာစေ ချင် စိတ်ဖြစ်မိပါတယ်။ကိုယ်တိုင် ကဆရာဝန်၊အင်ဂျင်နီယာ၊ရှေ့နေ၊နိုင်ငံရေးသမား မို့ ဘာသာစကား နဲ့ မဆိုင်ဘူးလို့ မတွေးပဲ လေ့လာကြည့်ရုံလေးကစလို့ အဆင်ပြေစိတ်ပါမယ်ဆို လိုအပ်နေတဲ့ ပညာရှင်ကွက်လပ်လေးတွေ အထိကို အားဖြည့်ပေးစေလိုပါတယ်ရှင်။

ကျမအနေနဲ့ကတော့ နယ်ပယ်မခွဲပဲ အခြေခံအဆင့် ဂျပန်စာကို ဖတ်တတ် ရေးတတ် ပြောတတ်တဲ့ အထိ တင်ပြသွားဖို့ ရည်ရွယ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။
အေးမြမြ
၂၁၊၈၊၂၀၁၄

No comments:

Post a Comment